မြန်မာ့စီးပွားရေးဘဏ် Myanma Economic Bank

Our Services



ငွေစုဘဏ်လုပ်ငန်း

မြန်မာ့စီးပွားရေးဘဏ်သည် ပြည်သူများ၏ ချွေတာစုဆောင်းခြင်းအလေ့အထကို ပြုစုပျိုးထောင်ရန်၊ လုံခြုံစိတ်ချရသော ငွေစုနည်းဖြင့် စုဆောင်းကြစေရန်၊ ငွေအရင်းအနှီး စုဆောင်းခြင်းအလေ့အထ တိုးတက်စေရန်၊ ပြည်သူများ၏ စားဝတ်နေရေးအဆင့်အတန်း တိုးတက်မြင့်မားစေရန် ရည်ရွယ်ခြင်းကြောင့် တစ်ဦးချင်းစာရင်း၊ သက်ငယ်စာရင်း၊ တွဲဘက် ‘က’ (သို့မဟုတ်) တွဲဘက်’ခ’ စာရင်း၊ အာမခံငွေစာရင်း၊ ပြည်သူ့ငွေစာရင်းဟူ၍ ငွေစုဘဏ်အပ်နှံသည့်အမျိုးအစားများ ခွဲခြားသတ်မှတ်ကာ လက်ခံဆောင်ရွက်ပေးလျက်ရှိပါသည်။ ငွေစုဆောင်းသူများသည် “မည်သူမျှ နိုင်ငံတော်ပိုင် ငွေကြေးဖြင့်ဖြစ်စေ၊ နိုင်ငံတော်ကငွေကြေးထည့်ဝင်ထားသော အဖွဲ့အစည်းပိုင်ငွေဖြင့်ဖြစ်စေ၊ ငွေစုဘဏ်စာရင်းဖွင့်လှစ်ခွင့် (သို့မဟုတ်) ငွေစုလက်မှတ်ဝယ်ယူခွင့်မရှိစေရ” ဟု ပြဌာန်းချက်နှင့်အညီ စုဆောင်းရန်လိုအပ်ပါသည်။ ငွေစုစာအုပ်အပြင် ကျပ်-၁၀၀၀၀/- တန်၊ ကျပ်-၅၀၀၀၀/- တန်၊ ကျပ် ၁၀၀၀၀၀/- တန်၊ ကျပ် ၅၀၀၀၀၀/- တန်၊ ကျပ် ၁၀၀၀၀၀၀/- တန် အမျိုးအစားအလိုက် ငွေစုလက်မှတ်များ ဝယ်ယူစုဆောင်းခြင်း၊ (၃) လ၊ (၆) လ၊ (၉) လ၊ (၁) နှစ် ကာလရှိသည့် စာရင်းသေအပ်နှံငွေများ အပ်နှံခြင်းပြုလုပ်နိုင် ပါသည်။ ငွေစုဘဏ်လုပ်ငန်းအပ်ငွေအတွက် ၈%၊ ငွေစုလက်မှတ်စုဆောင်းငွေအတွက် ၉%၊ စာရင်းသေအပ်ငွေသက်တမ်းအလိုက် (၂.၅.၂၀၁၈)ရက်နေ့မှစ၍ လူပုဂ္ဂိုလ်တစ်ဦး(သို့မဟုတ်)အဖွဲ့အစည်း တစ်ခုအတွက် အများဆုံးကျပ်သန်း(၅၀၀)အထိ လက်ခံဆောင်ရွက်ပေးလျက်ရှိရာ(၃) လ အတွက် ၈%၊ (၆)လအတွက် ၈.၁၂၅%၊ (၉) လအတွက် ၈.၂၅%နှင့် (၁) နှစ်အတွက် ၈.၃၇၅% ဖြင့် အသီးသီးအတိုးပေးလျက်ရှိပါသည်။ ငွေစုသူများအနေဖြင့် သက်တမ်းစေ့ရောက်သည့်နေ့တွင် ဘဏ်သို့လာရောက်၍ ငွေသားထုတ်ယူလိုပါက ချက်ချင်းထုတ်ပေးမည်ဖြစ်ပါသည်။ စာရင်းသေအပ်ငွေ အပ်နှံသူ၏ Standing Instruction အရ ပြန်အမ်းငွေအား ထပ်မံစုဆောင်းလိုကြောင်း ဖော်ပြထားပါက အရင်းငွေနှင့် ကျသင့်သည့်အတိုးငွေ၏ ကျပ်သိန်းဂဏန်းအထိ ပမာဏအား ထပ်မံစုဆောင်းငွေအဖြစ် သက်တမ်းတိုးမြှင့် ဆောင်ရွက်ခြင်း(Roll over) ပြုလုပ်ပေးပါသည်။

ချေးငွေလုပ်ငန်း

မြန်မာ့စီးပွားရေးဘဏ်သည် ချေးငွေများကိုထုတ်ချေးရာတွင် ဦးစားပေးကဏ္ဍများအဖြစ် နိုင်ငံတော်အစိုးရမှ အခါအားလျော်စွာ လမ်းညွှန်ချမှတ်သော လုပ်ငန်းကဏ္ဍများ၊ ကုန်ထုတ်လုပ်ငန်းကဏ္ဍ (Production)၊ ဝန်ဆောင်မှုကဏ္ဍ (Servicing)၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ (Transportation)၊ ကုန်သွယ်မှုကဏ္ဍ(Trading)၊ တည်ဆောက်မှုကဏ္ဍ (Construction) များကို ကာလအလိုက် ချေးငွေအမျိုးအစား၊ သက်တမ်းနှင့်အတိုးနှုန်းများကို တစ်ဖက်ပါအတိုင်း သတ်မှတ်ထားကာ ထုတ်ချေးလျက်ရှိပါသည်-
(၁)     နှစ်ချင်းဆပ်စာရင်းပိုထုတ်ချေးငွေ  – ၁၃.၀၀    %

(၂)     နှစ်ချင်းဆပ်ချေးငွေ (၁ နှစ်) –  ၁၃.၀၀    %

(၃)     နှစ်လတ်ချေးငွေ ( ၃ နှစ်မှ ၅ နှစ်အထိ) – ၁၂.၅၀    %

(၄)     နှစ်ရှည်ချေးငွေ ( ၆ နှစ်နှင့်အထက်) – ၁၂.၂၅    %

(၅)     နိုင်ငံတော်ထုခွဲချေးငွေ – ၁၂.၀၀    %

(၆)     SMIDB သို့ ထုတ်ချေးငွေ – ၈.၂၅    %

(၇)     အထူးစီမံကိန်း ထုတ်ချေးငွေ – ၈.၂၅    %

(၈)     မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သို့ ထုတ်ချေးငွေ –  ၅.၀၀    %

(၉)     နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းသို့ထုတ်ချေးငွေ – ၄.၀၀    %

(၁၀)   နိုင်ငံတော်ဧည့်ဂေဟာတည်ဆောက်ရေးစီမံကိန်း – ၄.၀၀    %

ထို့အပြင် ၂၀၁၅- ခုနှစ် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေအပိုဒ် ၂(က) နှင့် အပိုဒ်၂ (ခ) ပါသတ်မှတ်ချက်များနှင့်ညီညွတ်ပြီး SME လိုင်စင်ရရှိထားသည့် မည်သည့်အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များမဆို ချေးငွေရယူနိုင်ပါသည်။ တိုင်းဒေသကြီး/ပြည်နယ်/ပြည်ထောင်စုနယ်မြေ SMEs Agency များ၏ ထောက်ခံချက်၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်/ပြည်ထောင်စုအစိုးရအဖွဲ့များ၏ လုပ်ငန်းဆိုင်ရာ စိစစ်ထောက်ခံချက်ရရှိထားသည့် အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များအား ဦးစားပေးထုတ်ချေးပါမည်။

မြန်မာ့စီးပွားရေးဘဏ်က အောက်ဖော်ပြပါအသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို ဦးစားပေးကဏ္ဍများအဖြစ် သတ်မှတ်ထုတ်ချေးသွားပါမည်-
(က)    ထုတ်လုပ်မှုကဏ္ဍ(Production)

(ခ)     ထုတ်လုပ်ရောင်းဝယ်မှုကဏ္ဍ(Manufacturing)

(ဂ)     တည်ဆောက်မှုကဏ္ဍ(Construction)

(ဃ)    စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ(Agri-Production)

(င)     မွေးမြူထုတ်လုပ်မှုကဏ္ဍ(Livestock-Production)

(စ)     သယ်ယူပို့ဆောင်ရေးကဏ္ဍ(Transportation)

(ဆ)    ဝန်ဆောင်မှုကဏ္ဍ(Services)

(ဇ)     နည်းပညာအခြေခံထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုကဏ္ဍ(Technical)

(ဈ)     Recycling နှင့် Energy Saving ကဏ္ဍ(Environmental)

နိုင်ငံခြားငွေလုပ်ငန်း

ပြည်တွင်းဘဏ်လုပ်ငန်းများအပြင် နိုင်ငံခြားငွေလုပ်ငန်းများကိုလည်း ၁၉၉၆ ခုနှစ်မှစ၍ စတင်ဆောင်ရွက်ခဲ့ပါသည်။ နိုင်ငံခြားအဆက်အသွယ်ဘဏ် (၇၇) ဘဏ်နှင့် အဆက်အသွယ်ဘဏ်ထူထောင်ကာ နေပြည်တော်၊ ရန်ကုန်နှင့်မန္တလေးမြို့များတွင် အဓိကထားဆောင်ရွက်ပေးလျက်ရှိပါသည်။

နယ်စပ်ကုန်သွယ်ရေးလုပ်ငန်း

မြန်မာ့စီးပွားရေးဘဏ်၏ AD လိုင်စင်ရဘဏ်ခွဲ(၁၀၀) ခုနှင့် AH  လိုင်စင်ရ (၂၀၁)ခုတွင် နိုင်ငံခြားငွေလုပ်ငန်း၊ နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများနှင့် ဌာနဆိုင်ရာအခွန်အခပေးသွင်းငွေများအား လက်ခံဆောင်ရွက်ပေးလျက်ရှိပါသည်။

Two-Step Loan (PMU) အစီအစဉ်ဖြင့် SMEs လုပ်ငန်းရှင်များသို့ ချေးငွေများ ထုတ်ချေးခြင်း

ဂျပန်နိုင်ငံမှ ODA ​ချေးငွေရယူ၍ SMEs များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း (Participating Financial Institutions) ပုဂ္ဂလိကဘဏ်များမှတစ်ဆင့် Two-Step Loans အစီအစဉ်ဖြင့် SMEs လုပ်ငန်းရှင်များသို့ ချေးငွေထုတ်ချေးရာတွင် မြန်မာ့စီးပွားရေးဘဏ်မှ Executing Agency (EA) အဖြစ်ဆောင်ရွက်ပေးလျက်ရှိပါသည်။

ပြည်တွင်းငွေလွှဲလုပ်ငန်း

စီးပွားရေးအချက်အချာကျ၍ ဆက်သွယ်ရေးကောင်းမွန်သောမြို့များရှိဘဏ်များကို အုပ်စု A အဖြစ်သတ်မှတ်ပြီး၊ ဝေးလံခေါင်ပါးသောမြို့များရှိဘဏ်များကို အုပ်စု B အဖြစ်သတ်မှတ်ကာ အုပ်စု A ဘဏ်ခွဲအချင်းချင်း အပြန်အလှန်ငွေလွှဲပို့ပါက ငွေကျပ်-၁၀၀/- လျှင် ၅ ပြားနှုန်းဖြင့်လည်းကောင်း၊ အုပ်စု B ဘဏ်ခွဲအချင်းချင်းနှင့် အုပ်စု A နှင့် အုပ်စု B ဘဏ်ခွဲများအကြား ငွေလွှဲပို့ပါက ငွေကျပ်-၁၀၀/-လျှင် ၁၀ ပြားနှုန်းဖြင့်လည်းကောင်း၊ ဖက်စ်၊ ကြေးနန်း အသုံးပြုကာ ဝန်ဆောင်မှုပေးလျက်ရှိရာမှ ( ၂.၁.၂၀၁၈ )ရက်နေ့မှစတင်ကာ မည်သည့်ဘဏ်ခွဲမဆို ငွေလွှဲခနှုန်းထားအား ကျပ်၁၀၀လျှင် ၅ပြားနှုန်း ဖြင့်ဝန်ဆောင်မှုပေး မည်ဖြစ်ပါသည်။ထို့အပြင် (၁.၆.၂၀၁၅) ရက်နေ့မှစတင်ကာ ပြည်တွင်းငွေလွှဲဝန်ဆောင်မှုကို ပိုမိုမြန်ဆန်စွာ ဆောင်ရွက်ပေးရန်ရည်ရွယ်၍ Online မှတစ်ဆင့်လွှဲပို့ပေးသည့် E-Remittance System ကို ဘဏ်ခွဲပေါင်း (၁၁၁) ဘဏ်တွင် ဆောင်ရွက်ပေးလျက်ရှိပါသည်။

Automated Teller Machine (ATM) ဝန်ဆောင်မှုလုပ်ငန်း

မြန်မာ့စီးပွားရေးဘဏ်သည် Myanmar Payment Union (MPU) အဖွဲ့ဝင်အဖြစ်ပါဝင်လျက်ရှိ ပြီး ဘဏ်နှင့်ဆက်သွယ်သူ Customer များအနေဖြင့် ငွေသားကိုင်ဆောင်ရခြင်းမှ ကင်းဝေးစေရုံသာမက လုံခြုံစိတ်ချရသည့် ဘဏ်ဝန်ဆောင်မှုအသစ်အဖြစ် မြန်မာ့စီးပွားရေးဘဏ် ATM ကတ်အသုံးပြု၍ မိမိတို့နှစ်သက်ရာ မြန်မာ့စီးပွားရေးဘဏ် ATM စက်များနှင့် MPU အဖွဲ့ဝင်ဘဏ်များ၏ ATM စက်များ၌ လွယ်ကူလျင်မြန်စွာ ငွေသားထုတ်ယူနိုင်သည့်အပြင် ဌာနဆိုင်ရာအရာထမ်းဝန်ထမ်းများနှင့် အငြိမ်းစားလစာများကို Standing Instruction ပေးထားခြင်းဖြင့် လစာထုတ်ယူနိုင်သည့် ATM စနစ်ကို ရန်ကုန်မြို့ရှိ ဘဏ်ခွဲ(၁)၊ (၂)၊ (၃)၊ (၄)၊ (၅)၊ (၆)၊ ငွေစုဘဏ်ခွဲ(၃)၊ (၄)၊ တာမွေ၊ ကြည့်မြင်တိုင်၊ သင်္ဃန်းကျွန်း၊ နေပြည်တော်၊ ပျဉ်းမနား၊ မန္တလေး(၁)၊ (၂)၊ (၃)၊ မြဝတီ၊ ပဲခူး၊ တောင်ငူ၊ သန်လျင်၊ ပုသိမ်၊ မအူပင်၊ ပခုက္ကူ၊ စစ်ကိုင်း၊ မိတ္ထီလာ၊ လားရှိုး၊ ကျောက်ဆည်၊ တောင်ကြီး၊ ပြည်၊ တာချီလိတ်၊ ဘားအံ၊ ရွှေဘို၊ ကျိုင်းတုံ၊ မြင်းခြံ၊ သထုံ၊ ညောင်ဦး၊ မော်လမြိုင်ဘဏ်ခွဲ(၂)၊ မကွေး၊ မြောက်ဥက္ကလာပ၊ ဟင်္သာတ၊ မူဆယ်၊ မော်လမြိုင်(၁)၊ မုံရွာ၊ ရမည်းသင်း၊ ထားဝယ်၊ မြိတ်၊ မြစ်ကြီးနား၊ ဗန်းမော်၊ စစ်တွေ၊ ငွေစုဘဏ်ခွဲ (၁) ရန်ကုန်၊ ကမာရွတ်၊ အင်းစိန် ၊ ပြင်ဦးလွင် စသည့် မြန်မာ့စီးပွားရေးဘဏ်ခွဲ (၅၃ ) ဘဏ်တွင် ATM စက် (၇၃)လုံးဖြင့် (၂.၄.၂၀၁၅)ရက်နေ့မှစတင်ကာ ဝန်ဆောင်မှုပေးဆောင်ရွက်လျက်ရှိပါသည်။    ထို့အပြင် ဖော်ပြပါမြန်မာ့စီးပွားရေးဘဏ်(၅၃) ဘဏ်၌ (၅.၅.၂၀၁၇)ရက်နေ့မှ ထုတ်ဝေခဲ့သော ATM ကတ်များသည် ကနဦးအနေဖြင့်  https://www.myanmarpaymentunion.com  သို့ဝင်ရောက်၍ Online Enrollment ပြုလုပ်ရမည်ဖြစ်ပြီး ယင်းသို့ ဆောင်ရွက်ပြီးချိန်တွင် ကတ်ကိုင်ဆောင်သူများအနေဖြင့် MPU အဖွဲ့ဝင်ဘဏ်များ၏ Merchant များမှ ရောင်းချနေသော ရွှေ၊ ငွေနှင့်လက်ဝတ်ရတနာပစ္စည်းများ၊ ဒေသထွက်အမှတ်တရပစ္စည်းများ၊ ကားလက်မှတ်နှင့်လေယာဉ်လက်မှတ်များဝယ်ယူခြင်း၊ တယ်လီဖုန်းဘီလ်ဖြည့်တင်းခြင်း၊ အခွန်ငွေပေးဆောင်ခြင်း စသည်တို့အပြင် အခြား Merchant များထံတွင်လည်း Online မှတစ်ဆင့် E-Commerce ဝန်ဆောင်မှုသစ်ကို ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလမှစတင်ကာ ဆောင်ရွက်နိုင်ပြီဖြစ်ပါကြောင်း ဘဏ်နှင့်ဆက်သွယ်သူ Customer များထံသို့ အသိပေးပန်ကြားအပ်ပါသည်။

Mobile Payment ဝန်ဆောင်မှုလုပ်ငန်း​

(၁၅.၁၀.၂၀၁၅) ရက်နေ့မှစတင်ကာ မြန်မာ့စီးပွားရေးဘဏ်သည် မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ အင်းဝဘဏ်လီမိတက်၊ Myanmar Mobile Money (MMM) တို့အကျိုးတူပူးပေါင်း၍ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၄) ခုရှိ မြန်မာ့စီးပွားရေးဘဏ် ခရိုင်နှင့်မြို့နယ်ဘဏ်ခွဲ (၂၈၁) ဘဏ်တွင် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ပြည်သူများအနေဖြင့် MPT၊ MECTel နှင့် Mytel Sim Card အသုံးပြု၍ မိုဘိုင်းဝန်ဆောင်မှုချိတ်ဆက်ထားခြင်းဖြင့် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုကို အသုံးပြုနိုင်မည်ဖြစ်ပါသည်။  ထို့ပြင် ငွေသားပေးသွင်းခြင်း၊ ထုတ်ယူခြင်း၊ ဖုန်းပြောဆိုခငွေဖြည့်တင်းခြင်းနှင့် အငြိမ်းစားလစာများကို Standing Instruction ပေးထားခြင်းဖြင့် ဘဏ်သို့ အကြိမ်ကြိမ်လာရောက်ရန်မလိုဘဲ ကိုယ်တိုင်အငြိမ်းစားလစာဖြစ်ပါက ခြောက်လတစ်ကြိမ်၊ မိသားစုအငြိမ်းစားလစာဖြစ်ပါက သုံးလတစ်ကြိမ်သာ လူတွေ့စစ်ဆေးခံရန်လိုအပ်ပြီး မိမိတို့လွယ်ကူအဆင်ပြေသည့် မြန်မာ့စီးပွားရေးဘဏ် (သို့မဟုတ်) MMM က ခန့်အပ်ထားသော ပြင်ပအေးဂျင့်များတွင် လစာကို ရိုးရှင်းလွယ်ကူစွာ ထုတ်နိုင်မည်ဖြစ်ပါသည်။

E-Pension စနစ်ဖြင့် အငြိမ်းစားလစာထုတ်ပေးခြင်းလုပ်ငန်း

အငြိမ်းစားဝန်ထမ်းများသို့ ပင်စင်လစာထုတ်ပေးခြင်းလုပ်ငန်းကို (၁.၁၀.၁၉၇၂) နေ့မှစတင်ဆောင်ရွက်ခဲ့ပြီး ပင်စင်လစာကို လွယ်ကူလျင်မြန်စွာ အချိန်မရွေးထုတ်ယူနိုင်ရန် ရည်ရွယ်၍ IT နည်းပညာကို အသုံးပြုသည့် E-Pension စနစ်ဖြင့် အငြိမ်းစားလစာထုတ်ပေးခြင်းလုပ်ငန်းကို ၂၀၁၂ခုနှစ်၊ ဩဂုတ်လမှစတင်ဆောင်ရွက်ခဲ့ရာ ဘဏ်ခွဲပေါင်း (၃၀၂) ဘဏ်ဖြင့် အငြိမ်းစားဦးရေ (၇၃၇,၃၃၃)ကို ပင်စင်လစာထုတ်ပေးလျက်ရှိပါသည်။ E-Pension စနစ်ဖြင့် ထုတ်ပေးခြင်းကြောင့် အငြိမ်းစားသည် E-Pension ကတ်မှ Saving Account, Current Account, Myanmar Mobile Money Account, ATM Account များသို့ စာရင်းပြောင်းထုတ်ယူနိုင်ခြင်း၊ အငြိမ်းစားလစာထုတ်ယူရန်အတွက် ဘဏ်သို့ (၂) ကြိမ် လာရောက်ရန်မလိုအပ်ခြင်း၊ တန်းစီစောင့်ဆိုင်းထုတ်ယူရန်မလိုအပ်ခြင်းနှင့် မည်သည့်နေ့ရက်တွင်မဆို ထုတ်ယူနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။

မြန်မာ့စီးပွားရေးဘဏ်မှ ပြည်သူ့ဝန်ဆောင်မှုအဖြစ် MEBank ATM Card ဖြင့် MEB ATM များနှင့် အခြားဘဏ်များ၏ ATM စက်များတွင် 24/7 ငွေထုတ်ယူနိုင်သည့် ဝန်ဆောင်မှုကို ၂−၄−၂၀၁၅ နေ့မှ စတင်၍ ATM ကတ်များလျှောက်ထား၍ အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။