၂၆-၆-၂၀၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာပါ ဘဏ်များနှင့်ပတ်သက်သည့် ဖော်ပြချက်များအပေါ် ကန့်ကွက်ကြောင်း အသိပေးထုတ်ပြန်ချက်

ကမ္ဘာ့ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ၂၆-၆-၂၀၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံ စာတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၌ အပြည်ပြည်ဆိုင်ရာဘဏ်များ၊ ပြည်တွင်းနိုင်ငံပိုင် ဘဏ်နှင့် ပုဂ္ဂလိကဘဏ်အချို့မှ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်းနှင့် အရေးယူပေးရန်တောင်းဆိုမှုများ ဖော်ပြထားပါသည်။

နိုင်ငံပိုင်ဘဏ်များအပါအဝင် ပြည်တွင်းဘဏ်များအားလုံးအနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချမှတ်ထားသည့် ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများ၏ အချက်အလက်များအား သေချာစွာစိစစ်ရယူခြင်း ဆိုင်ရာ Due Diligence Procedure များကို တိကျစွာလိုက်နာဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံပိုင်ဘဏ်များအပါအဝင် ပြည်တွင်းဘဏ်များအားလုံး၏ အပြည်ပြည်ဆိုင်ရာ အဆက်အသွယ်ဘဏ်များအနေဖြင့်လည်း မြန်မာနိုင်ငံ၏ ပြည်တွင်းပြည်ပငွေကြေးလွှဲပြောင်းမှုများကို ဆောင်ရွက်ပေးရာတွင် လိုအပ်သည့်အထောက်အထားများအားရယူ၍ အလေးထားစိစစ်ခြင်းကို တိုးမြှင့်ဆောင်ရွက်ခြင်း (Enhanced Due Diligence – EDD) အား ကောင်းစွာဆောင်ရွက်လျက်ရှိပါသည်။

ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ (FATF)၏ စံသတ်မှတ်ချက်များနှင့်အညီ မြန်မာနိုင်ငံ၏ အကောင်အထည်ဖော်ဆောင်ရွက်မှုဆိုင်ရာ တိုးတက်မှုအစီရင်ခံစာများကို အာရှ- ပစိဖိတ်ပူးတွဲအဖွဲ့ (APJG)သို့တင်ပြချက်များနှင့် မျက်နှာချင်းဆိုင်အစည်းအဝေးတွင် ဆွေးနွေးပြောဆိုချက်များအရ  FATF နှင့် APJG တို့က အသိအမှတ်ပြုပြီး နှစ်စဉ်စံနှုန်းသတ်မှတ်ချက်အဆင့်များ တိုးမြှင့်ပေးခဲ့ခြင်းတို့ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၉-၆-၂၀၂၄ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းပြည်ပငွေကြေးလွှဲပြောင်းမှုများမှာလည်း မြန်မာနိုင်ငံသားများအတွက် အဓိကမရှိမဖြစ်လိုအပ်သော အခြေခံကုန်စည်များဖြစ်သည့် ဆေးနှင့်ဆေးအထောက်အကူပြုပစ္စည်းများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းသုံးပစ္စည်းများ၊ ဓာတ်မြေဩဇာ၊ စက်သုံးဆီ၊ စားသုံးဆီများတင်သွင်းမှုများအတွက် ဆောင်ရွက်ခြင်းဖြစ်ပါသည်။ ဘဏ်များအနေဖြင့် ယင်းကုန်စည်များ တင်သွင်းခြင်းအတွက် ငွေပေးချေမှုများပြုလုပ်ရာတွင် ကုန်သွယ်မှုဆိုင်ရာ သက်သေခံစာရွက်စာတမ်း အထောက်အထားများရယူ၍ စိစစ်ဆောင်ရွက်ပေးလျက်ရှိပါသည်။

သို့ပါ၍ ကမ္ဘာ့ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာပါ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၌ အပြည်ပြည်ဆိုင်ရာဘဏ်များ၊ ပြည်တွင်းနိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိကဘဏ်အချို့မှ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်းနှင့် အရေးယူပေးရန်တောင်းဆိုမှုများ ရေးသားဖော်ပြချက်များမှာ မြန်မာပြည်သူများ၏ အကျိုးစီးပွားကိုထိခိုက်စေသည့်အပြင် မြန်မာနိုင်ငံနှင့် ပြည်ပနိုင်ငံများအကြား ဆက်ဆံရေးကိုလည်း ထိခိုက်စေသဖြင့် အဆိုပါရေးသားချက်အပေါ် ပြင်းထန်စွာကန့်ကွက်ပါကြောင်း အများပြည်သူသိရှိစေရန် အသိပေးထုတ်ပြန်အပ်ပါသည်။

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်

မြန်မာနိုင်ငံဘဏ်များအသင်း

နိုင်ငံပိုင်ဘဏ်များ

ပုဂ္ဂလိကဘဏ်များ

၂၈-၆-၂၀၂၄

 

Leave a comment

Your email address will not be published. Required fields are marked *

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.