ငွေကြေးအရင်းအနှီးလိုအပ်သော ဆီစက်လုပ်ငန်းရှင်များသို့ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေး ချေးငွေလျှောက်ထားနိုင်ကြောင်း အသိပေးကြေညာချက်

ငွေကြေးအရင်းအနှီးလိုအပ်သော ဆီစက်လုပ်ငန်းရှင်များသို့ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ လျှောက်ထားနိုင်ကြောင်းအသိပေးကြေညာချက်

၁။ ပြည်ပမှစားသုံးဆီတင်သွင်းမှု လျော့ကျစေရေးနှင့် ပြည်တွင်းစားသုံးဆီဖူလုံစေရေးအတွက် နေကြာအပါအဝင် ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုးထုတ်လုပ်ရန် နှင့် အရည်အသွေးကောင်းမွန်သော စားသုံးဆီများထုတ်လုပ်ရန် အဆင့်မီဆီစက်များလိုအပ်လျက်ရှိရာ ပြည်တွင်းဆီစက်များကို အဆင့်မီစက်ပစ္စည်းများ တိုးချဲ့တပ်ဆင်ခြင်း၊ ခေတ်မီဆီစက်အသစ်များထပ်မံ တည်ဆောက်ခြင်းနှင့် လက်ရှိ ဆီစက်များအဆင့်မြှင့်တင်ခြင်းတို့ကို ဆောင်ရွက်ရန်အတွက် “ဆီစက် လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ” များကို မြန်မာ့စီးပွားရေးဘဏ်မှ ငွေရေးကြေးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်း (Participating Financial Institution-PFI)အဖြစ်ပါဝင်ဆောင်ရွက်၍ နိုင်ငံအတွင်းရှိ မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲများတွင် စိစစ်ထုတ်ချေးပေးလျက်ရှိပါသည်။

ချေးငွေလျှောက်ထားရယူနိုင်သူများ

၂။ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေများကို အောက်ဖော်ပြပါသတ်မှတ်ချက်များနှင့်ကိုက်ညီသည့် ဆီစက်ပိုင်ရှင်များမှ ချေးငွေလျှောက်ထားနိုင်ပါသည်-
(က) ၂၀၁၅ ခုနှစ် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဥပဒေနှင့်ညီညွတ်ပြီး SME အသိအမှတ်ပြု ကတ်ပြားရရှိပြီးသူ/ ပုဂ္ဂလိကစက်မှုလုပ်ငန်းမှတ်ပုံတင် ရရှိပြီးသူ၊
(ခ) စားသုံးဆီကြိတ်ခွဲထုတ်လုပ်ဖြန့်ဖြူးခြင်းကို လက်ရှိလုပ်ကိုင်နေသူ

၃။ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေကိုအောက်ပါအချက်များနှင့် ညီညွတ်ပါကလျှောက်ထားနိုင်ပါသည်-
(က) လက်ရှိလုပ်ငန်းလည်ပတ်လုပ်ကိုင်နေသော ဆီစက်ရှိရမည်၊
(ခ) လုပ်ငန်းရှင်အမည်ပေါက်လိုင်စင်(သက်တမ်းရှိ)၊ သက်တမ်းရှိ SME Member Card ရှိရ မည်၊ ကုမ္ပဏီလုပ်ငန်းဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင်လက်မှတ် (မိတ္တူ)၊ ဒါရိုက်တာများစာရင်း၊ ရှယ်ယာစာရင်း၊ အစည်းအဝေးမှတ်တမ်းတင်ပြရမည်၊
(ဂ) အခွန်ပေးဆောင်မှုအထောက်အထားရှိရမည်၊
(ဃ) လုပ်ငန်း၏အရှုံး/အမြတ်စာရင်းနှင့် လက်ကျန်ရှင်းတမ်း ရှိရမည်၊
(င) ချေးငွေအတွက် အာမခံအဖြစ်အမည်ပေါက်ပိုင်ဆိုင်သည် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများပေးအပ်နိုင်ရမည်၊
(စ) နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များတွင် လက်ရှိချေးငွေရယူထားသူများအနေဖြင့် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ ရယူလိုပါကသီးခြား အာမခံတင်သွင်းနိုင်မှသာ လျှောက်ထားနိုင်ပါသည်။

(ဆ) FDA လက်မှတ်ရရှိပြီးသူ၊ အသေးစားစက်မှုလုပ်ငန်းမှတ်ပုံတင်လက်မှတ်ရရှိပြီးသူ၊ သက်ဆိုင်ရာဒေသရှိ ဆီစက်ပိုင်ရှင်များအသင်း၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းဝင်ဆီစက်လုပ်ငန်းရှင်များအား ဦးစားပေးစဉ်စားမည်။

ချေးငွေပမာဏ

၄။ လုပ်ငန်းလှည့်လည်ရင်းနှီးငွေ (Working Capital) အတွက်ချေးယူပါက ချေးငွေပမာဏ အနည်းဆုံး ကျပ်(၁၀)သန်း၊ ပုံသေရင်းနှီးငွေ(Fixed Capital)အတွက်ချေးယူပါက အနည်းဆုံးကျပ် (၂၀)သန်းမှ အများဆုံး ချေးငွေပမာဏကျပ်(၃၀၀)သန်းအထိဖြစ်ပါသည်။ Fixed Capital အတွက် အသုံးပြုမည့်ချေးငွေများတွင် ချေးငွေ၏အနည်းဆုံး(၅၀%)အား ပုံသေရင်းနှီးငွေ (Fixed Capital)အဖြစ် အသုံးပြုရမည်ဖြစ်ပြီး ချေးငွေ၏အများဆုံး (၅၀%)ကို လုပ်ငန်းလှည့်လည်ရင်းနှီးငွေအဖြစ် အသုံးပြုရမည်ဖြစ်ပါသည်။

အတိုးနှုန်း၊ ချေးငွေသက်တမ်းနှင့် ပြန်ဆပ်ကာလ

၅။ (က) တစ်နှစ်လျှင် ၅ % အတိုးနှုန်းဖြစ်ပါသည်။
(ခ) လုပ်ငန်းလှည့်လည်ရင်းနှီးငွေ Working Capital အတွက် အများဆုံးသက်တမ်း(၁)နှစ် (သက်တမ်းစေ့ရောက်ပါက တစ်လုံးတည်းပြန်လည် ပေးသွင်းရမည်ဖြစ်ပါသည်)၊
(ဂ) ပုံသေရင်းနှီးငွေ (Fixed Capital)အတွက် အများဆုံးသက်တမ်း(၃)နှစ် (စတင်ထုတ်ချေး သည့်နေ့မှစ၍ ဆိုင်းငံ့ကာလ(၁)နှစ်၊ ပြန်ဆပ်ကာလ (၂)နှစ်၊ (၄)ရစ်ပေးဆပ်ရမည်)။

အာမခံအမျိုးအစားများ

၆။ ချေးငွေအတွက် လုပ်ငန်းရှင်အမည်ပေါက်ပိုင်ဆိုင်သည့် အောက်ဖော်ပြပါမရွှေ့မပြောင်းနိုင်သော မြေနှင့်အဆောက်အဦအမျိုးအစားများကို အာမခံအဖြစ် လက်ခံဆောင်ရွက်ရပါမည်-
(က) မြေအမျိုးအစားများ ။ ။ ဘိုးဘပိုင်မြေ၊ ဂရန်မြေ၊ လန(၃၉)မြေ၊ (၃)(ခ)မြေ၊ လယ(၃၀) (က)မြေ၊ လယ(၃၀)(ခ)မြေ
(ခ) အဆောက်အဦအမျိုးအစားများ။ ။ ကွန်ကရစ်တိုက်(အာရ်စီ)၊ အုတ်ညှပ်အဆောက်အဦ၊ တိုက်ခံအိမ်၊ အုတ်ပတ်ကားတိုက်အဆောက်အဦ၊ Steel Structure

ချေးငွေလျှောက်ထားတင်ပြခြင်း

၇။ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ လျှောက်ထားရယူလိုသော ဆီစက်လုပ်ငန်းရှင်များ အနေဖြင့် အောက်ပါချေးငွေအဆိုပြုလွှာအား download ရယူ၍ လုပ်ငန်းတည်ရှိရာ မြန်မာ့စီးပွားရေး ဘဏ်ခွဲတွင် ချေးငွေသွားရောက်လျှောက်ထားနိုင်ပါသည်။

 

မြန်မာ့စီးပွားရေးဘဏ်

ချေးငွေအဆိုပြုလွှာလျှောက်လွှာပုံစံ

 

 

Leave a comment

Your email address will not be published. Required fields are marked *