၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၅)ရက်နေ့ထုတ် 7Day နေ့စဉ်သတင်းစာ စာမျက်နှာ(၂)ပါ “ရွှေတိဂုံစေတီ အလှူခံရငွေကျပ် ဘီလီယံ(၆၀)ကျော်နှင့် အမေရိကန်ဒေါ်လာသန်း (၂၀)ကျော်ရှိ၊ ဘဏ်က အတိုးမပေးနိုင်၍ ငွေတိုက်စာချုပ်ဝယ်ထားရ” သတင်းဖော်ပြမှုအပေါ် ရှင်းလင်းတင်ပြခြင်း

မြန်မာ့စီးပွားရေးဘဏ်သည် အကြီးမားဆုံး ကွန်ယက်ရှိသည့် နိုင်ငံပိုင်ဘဏ်ဖြစ်သည့်အားလျော်စွာ ပြည်သူတို့၏ ယုံကြည်မှုကို အပြည့်အဝရရှိထားပြီး ပြည်သူများ၏ စုဆောင်းအပ်နှံငွေများအပေါ် ပေးအပ်ရမည့် အတိုးငွေများကို ပုံမှန်ထည့် သွင်းပေးလျက်ရှိပါသည်။ ၅-၇-၂၀၁၇ ရက်နေ့ထုတ် 7Day နေ့စဉ်သတင်းစာပါ “ရွှေတိဂုံစေတီ အလှူခံရငွေကျပ် ဘီလီယံ (၆၀)ကျော်နှင့် အမေရိကန်ဒေါ်လာ သန်း(၂၀)ကျော်ရှိ၊ ဘဏ်ကအတိုးမပေးနိုင်၍ ငွေတိုက်စာချုပ်ဝယ်ထားရ” ခေါင်းစဉ်ဖြင့် သတင်းဖော်ပြထားမှုအပေါ် ရွှေတိဂုံစေတီတော်အလှူငွေများကို ရန်ကုန်မြို့ရှိ ငွေစုဘဏ်ခွဲနှစ်ခုတွင် ငွေစုဘဏ်အပ်ငွေ (Savings Deposit)အဖြစ် အများဆုံးအပ်နှံထားရှိကြောင်း၊ အတိုးပိုမိုရရှိသည့် သက်တမ်း(၁၂)နှစ်ရှိ ငွေစုလက်မှတ်အပ်ငွေ (Savings Certificate) နှင့် စာရင်းသေအပ်ငွေ (Fixed Deposit) များကိုလည်း ဂေါပကအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ အပ်နှံထားရှိကြောင်း၊ အဆိုပါ အပ်နှံငွေအားလုံးအပေါ် ကျသင့်သောအတိုးများကို သတ်မှတ်ကာလစေ့ရောက်ချိန်တိုင်းတွင် အပြည့်အဝထည့်သွင်းပေးထားပြီးဖြစ်ကြောင်း၊ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့၏ ငွေစုဘဏ်အပ်ငွေစာရင်းအပေါ် ၃၁-၃-၂၀၁၇ ရက်နေ့အထိ မြန်မာ့စီးပွားရေးဘဏ်က အတိုးပေးခဲ့သည့်ငွေများမှာ ကျပ် (၁၇.၇) ဘီလီယံကျော် ဖြစ်ကြောင်း၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့အနေဖြင့်  အခြားသော အတိုးရရှိနိုင်သည့် နည်းလမ်းများဖြစ်သည့် ငွေတို က်စာချုပ်ဝယ်ယူ မှုများကိုလည်း ဆောင်ရွက်နိုင်ပြီး ငွေစုဘဏ်အပ်ငွေထက် အတိုးပိုမိုရရှိနိုင်ကြောင်း၊ ငွေတိုက်စာချုပ်များဝယ်ယူခြင်းမှာ ဂေါပက အဖွဲ့၏ ဆန္ဒအရသာဖြစ်ပြီး မြန်မာ့စီးပွားရေးဘဏ်က အတိုးမပေးနိုင်၍ မဟုတ်ကြောင်း၊ သို့ဖြစ်၍ “ဘဏ်ကအတိုးမပေးနိုင်၍” ဟူသော စာသားအပေါ် မြန်မာ့စီးပွားရေးဘဏ်က ကန့်ကွက်ပါကြောင်းနှင့် တရားဝင်ပြန်လည် ပြင်ဆင်ပေးပါရန် သက်ဆိုင်ရာသို့ အကြောင်းကြားထားရှိပါကြောင်း မိဘပြည်သူများအား လေးစားစွာ သိစေအပ်ပါသည်။

Leave a comment

Your email address will not be published. Required fields are marked *

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.