အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ(SMEs)သို့ အသိပေးကြေညာချက် 

နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုသည် အဓိကကျသောအခန်းကဏ္ဍတွင်ရှိပါသည်။ ယင်းလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန် လုပ်ငန်းရှင်များလိုအပ်သော အရင်းအနှီး များအတွက် တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်ရန်အလို့ငှာ နိုင်ငံပိုင်မြန်မာ့စီးပွားရေးဘဏ်မှ အထူးအစီ အစဉ်တစ်ရပ်အနေဖြင့် ချေးငွေများကို စိစစ်ထုတ်ချေးရန် စီစဉ်ထားပါသည်။

အကျုံးဝင်သည့်လုပ်ငန်းများ            

စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ထုတ်ပေးသော SME လုပ်ငန်းရှင်ဖြစ် ကြောင်း ထောက်ခံချက် ရရှိထားသည့်လုပ်ငန်းဖြစ်ရမည်။

ပြည်ပပို့ကုန်အထောက်အကူပြုကုန်ထုတ်လုပ်ငန်း၊ သွင်းကုန်အစားထိုးထုတ်လုပ်မှုလုပ်ငန်း၊ နည်းပညာအခြေပြုထုတ်လုပ်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တိုက်ရိုက်အထောက်အကူပြုသည့် ဝန်ဆောင်မှုလုပ်ငန်းများနှင့်သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရများက ထောက်ခံတင်ပြသည့် လုပ်ငန်းများကို ဦးစားပေးပါမည်။ သတ်မှတ်ချက်နှင့်ကိုက်ညီသူ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ SMEs လုပ်ငန်းများသို့ ချေးငွေများရောက်ရှိနိုင်စေရန်စီစဉ်ဆောင်ရွက်ပါမည်။

ချေးငွေအတိုးနှုန်းနှင့်သက်တမ်း

တစ်နှစ်လျှင်အတိုးနှုန်း ၉%၊ သက်တမ်း(၃) နှစ်မှ (၅) နှစ်အထိဖြစ်ပါသည်။

ချေးငွေပမာဏ

SMEs လုပ်ကိုင်သည့် အဖွဲ့အစည်းတစ်ခု၊ လူပုဂ္ဂိုလ်တစ်ဦးကို အများဆုံးကျပ်သန်း (၃၀၀) အထိ ထုတ်ချေးမည် ဖြစ်ပါသည်။ လုပ်ငန်းရှင်များအနေဖြင့် ချေးငွေကိုပုံသေရင်းနှီးငွေ(Fixed Capital)အဖြစ် ၅၀%၊ လှည့်လည်ရင်းနှီးငွေ (Working Capital) အဖြစ် ၅၀% အသုံးပြုရန် သတ်မှတ်ထားရှိပါသည်။

ရယူမည့်အာမခံပစ္စည်းများ

ချေးငွေအတွက်အာမခံအဖြစ်မရွှေ့မပြောင်းနိုင်သော ပစ္စည်းဖြစ်သည့် မြေနှင့်အဆောက်အဦများအပြင် ရွှေ့ပြောင်း နိုင်သည့် စက်၊ ယာဉ်၊ ယန္တရား၊ ရွှေထည်ပစ္စည်းနှင့်ရွှေတုံးများ၊ အပ်ငွေအမျိုးမျိုး၊ အစိုးရငွေတိုက်လက်မှတ်နှင့် ငွေတိုက် စာချုပ်များ၊ စတော့ရှယ်ယာ၊ ဒီဘင်ချာ၊  ဘဏ်အာမခံ၊  အစိုးရအာမခံ၊  ချေးငွေအာမခံလက်မှတ် (Credit  Guarantee  Insurance) များကို လည်း အာမခံအဖြစ် လက်ခံဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ CGI စနစ်ဖြင့်် ထုတ်ချေးငွေကို လက်ရှိအခြေအနေတွင် အများဆုံး ကျပ်သိန်း (၂၀၀) အထိသာ သတ်မှတ်ထားပါသည်။

ချေးငွေပြန်လည်ပေးဆပ်ရမည့် အစီအစဉ်

SMEs လုပ်ငန်းများအတွက် ချေးငွေများကို ပြန်လည်ပေးဆပ်ရာတွင် (၃) နှစ် ဖြစ်ပါက (၁) နှစ်ဆိုင်းငံ့ ၊ (၂)နှစ် အတွင်း (၄)ရစ်ဆပ်ဖြင့်လည်းကောင်း၊ (၄) နှစ်ဖြစ်ပါက (၁) နှစ် (၆)လဆိုင်းငံ့၊ (၂)နှစ် (၆)လအတွင်း (၅)ရစ်ဆပ်ဖြင့်လည်း ကောင်း၊ (၅) နှစ်ဖြစ်ပါက (၂) နှစ်ဆိုင်းငံ့ ၊ (၃)နှစ်အတွင်း (၆)ရစ်ဆပ်ဖြင့်လည်းကောင်း ပေးဆပ်ရပါမည်။

ချေးငွေပမာဏအလိုက်စိစစ်မှု

ချေးငွေကျပ်သန်း(၁၀၀)အထိကို တိုင်းဒေသကြီး/ပြည်နယ်မန်နေဂျာရုံးမှလည်းကောင်း၊ ကျပ်သန်း(၁၀၀)အထက် လျှောက်ထားမှု များကို မြန်မာ့စီးပွားရေးဘဏ်(ရုံးချုပ်)မှလည်းကောင်း စိစစ်ခွင့်ပြုမည်ဖြစ်ပါသည်။ ချေးငွေလျှောက်ထားလိုသူများသည် မိမိနေထိုင်ရာ မြို့နယ်(သို့မဟုတ်)ခရိုင်ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲများသို့ ဆက်သွယ်လျှောက်ထားနိုင်ပါ သည်။ ချေးငွေလျှောက်ထားရာတွင် လိုအပ်သောအချက်အလက်များကို ၎င်းဘဏ်ခွဲများတွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

Leave a comment

Your email address will not be published. Required fields are marked *

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.