မြန်မာ့စီးပွားရေးဘဏ် Myanma Economic Bank

E-Pension



မြန်မာ့စီးပွားရေးဘဏ်သည် ပင်စင်လစာထုတ်ပေးခြင်းလုပ်ငန်းအား မြန်မာ့စီးပွားရေးဘဏ် မပေါ်ပေါက်သေးမီ ပြည်သူ့ဘဏ်အနေဖြင့်၊ ၁၉၇၂ ခုနှစ်၊ အောက်တိုဘာလမှစ၍ ငွေစာရင်းမင်းကြီးရုံးနှင့် ငွေစာရင်း၀န် (ကာကွယ်ရေး) တို့ထံမှ လွှဲပြောင်းလက်ခံရယူ၍ တာ၀န်ယူဆောင်ရွက်ပေးခဲ့ရာ လစဉ်လကုန်ရက်မတိုင်မီတစ်ရက်မှ ရှေ့ ၁၀ ရက်အား ပင်စင်လစာထုတ်ပေးရက်အဖြစ် သတ်မှတ်၍ ပင်စင်လစာများကို ထုတ်ပေးလျက်ရှိပါသည်။

ယခုအခါ မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်စား ၇ သိန်း၀န်းကျင်အား ပင်စင်လစာများ ထုတ်ပေးလျက်ရှိရာ ပင်စင်လစာထုတ်ပေးခြင်းလုပ်ငန်းသည် လူအင်အားနှင့် အချိန်များစွာသုံး၍ ဆောင်ရွက်ပေးနေရသည့် မြန်မာ့စီးပွားရေးဘဏ်၏ အဓိကလုပ်ငန်းကြီးတစ်ရပ် ဖြစ်လာပါသည်။ မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် ပင်စင်လစာထုတ်ပေးခြင်းလုပ်ငန်းမှ ၀င်ငွေရရှိခြင်းမရှိသော်လည်း လစဉ်ပင်စင်လစာထုတ်ပေးနိုင်ရေးအတွက် ၀န်ထမ်းအင်အားများစွာအသုံးပြုရသည့်အတွက် ၀န်နှင့်အားမမျှဘဲ ဘဏ်၀န်ထမ်းများအပေါ် ၀န်ပိစေလျက်ရှိပါသည်။

ထို့ပြင် ၁-၇-၂၀၁၁ နေ့မှစ၍ နိုင်ငံတော်မှ ပင်စင်လစာများကို တိုးမြှင့်ခံစားခွင့်ပြုခဲ့ပြီးနောက်တွင် မြန်မာ့စီးပွားရေးဘဏ်ခွဲများ၌ လစဉ်ပင်စင်လာရောက်ထုတ်ယူသူပင်စင်စားဦးရေ ပိုမိုများပြားလာခဲ့သဖြင့် ပင်စင်စားများမှာ ပင်စင်ထုတ်ယူရန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းကြရကာ အခက်အခဲများစွာ ကြုံတွေ့ခဲ့ကြရပါသည်။

သို့ဖြစ်ရာ ပင်စင်လာရောက်ထုတ်ယူသူ ပင်စင်စားများ ပင်စင်ထုတ်ပေးရက်သာမကဘဲ မည်သည့်နေ့တွင်မဆို ပင်စင်လစာများကို လွယ်ကူလျင်မြန်စွာဖြင့် ထုတ်ယူနိုင်ရေးနှင့် မြန်မာ့စီးပွားရေးဘဏ် ၀န်ထမ်းများအနေဖြင့်လည်း ပင်စင်လုပ်ငန်းမှ ၀န်ပိမှုသက်သာစေပြီး အခြားသော ဘဏ်လုပ်ငန်း၀န်ဆောင်မှုများကို ပိုမိုအလေးပေးဆောင်ရွက်လာစေနိုင်ရေးအတွက် IT နည်းပညာအသုံးပြု E-Pension စနစ်ကို ၂၀၁၂ ခုနှစ်၊ သြဂုတ်လမှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။

E-Pension စနစ်တွင် ပင်စင်စားများအား ပင်စင်စာအုပ်အစား Chip ပါရှိသည့် Contactless Smartcard ကို ထုတ်ပေးသွားပြီး အဆိုပါ Smartcard ၏ Chip အတွင်း၌ ပင်စင်စား၏ ဓါတ်ပုံ၊ ထိုးမြဲလက်မှတ်၊ လက်ဗွေ၊ နောက်ဆုံးထုတ်ယူခဲ့သည့်နေ့နှင့် ငွေပမာဏအပါအ၀င် ပင်စင်စား၏ ကိုယ်ရေးအချက်အလက်များအား မှတ်တမ်းတင်သိမ်းဆည်းထားပါသည်။

ပင်စင်စားမှ ဘဏ်လုပ်ငန်းချိန်အတွင်း ဘဏ်သို့လာရောက်၍ ပင်စင်ကောင်တာရှိ Contactless Card Reader ၌ မိမိ၏ Smartcard ကို တင်ပြရုံဖြင့် ဘဏ်၏ကွန်ပျူတာရှိ E-Pension Program တွင် ထည့်သွင်းထားသည့် ပင်စင်စား၏အချက်အလက်များနှင့် Smart card မှ အချက်အလက်များအား Program မှတိုက်ဆိုင်စစ်ဆေးပြီး ပင်စင်ထုတ်ပေးရမည့်လများနှင့် ထုတ်ပေးရမည့်ငွေပမာဏအပါအ၀င် ပင်စင်စားနှင့်ပတ်သက်သည့်အချက်အလက်များကို ကွန်ပျူတာဖန်သားပြင်၌ ဖော်ပြပေးမည်ဖြစ်ရာ ဘဏ်ပင်စင်တာ၀န်ခံအရာရှိမှ အချက်အလက်များအား စိစစ်ပြီးအတည်ပြုပြီး ပင်စင်လစာငွေကို ထုတ်ပေးပါသည်။

ပင်စင်စားမှ ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်းမရှိသည့်ကိစ္စများ၌ တည်ဆဲလုပ်ထုံးလုပ်နည်းများအတိုင်း ကိုယ်စားလှယ်လွှဲစာဖြင့် ထုတ်ပေးသွားမည်ဖြစ်ပါသည်။ ကိုယ်စားထုတ်ယူသူအား ဘဏ်ကောင်တာရှိ Live Camera မှ ဓါတ်ပုံရိုက်ယူ၍ အဆိုပါဓါတ်ပုံအား ကွန်ပျူတာဖန်သားပြင်တွင် ဖော်ပြသွားမည့်အပြင် Program ၌ သိမ်းဆည်းထားမည်ဖြစ်ရာ လိုအပ်ပါက မည်သည့်နေ့၊ မည်သည့်အချိန်၌ မည်သူမှထုတ်ယူသွားသည်ကို ဓါတ်ပုံနှင့်တကွ ပြန်လည်ကြည့်ရှုစစ်ဆေးနိုင်မည်ဖြစ်ပါသည်။

ပင်စင်စားလူတွေ့စစ်ဆေးခြင်းအတွက် ပင်စင်စားကိုယ်တိုင် လာရောက်ထုတ်ယူပါက ထုတ်ယူတိုင်း လူတွေ့စစ်ဆေးပြီးဖြစ်သည်ဟု မှတ်ယူသွားမည်ဖြစ်ပြီး ကိုယ်စားလှယ်ဖြင့် ထုတ်ယူခြင်းများအတွက် ၆ လပြည့်သည်နှင့် Program မှ ငွေထုတ်ပေးခြင်းမပြုဘဲ လူတွေ့စစ်ဆေးရန်လိုကြောင်း ကွန်ပျူတာဖန်သားပြင်၌ မှတ်ချက်ဖော်ပြပါသည်။

E-Pension စနစ်အား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းဖြင့် အောက်ပါအကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါသည်-

(က) E-Pension စနစ်တွင် အငြိမ်းစားများမှ အဆင်‌ပြေသည့်နေ့တွင် ဘဏ်သို့ လာရောက်၍ အငြိမ်းစားလစာထုတ်ယူနိုင်မည်ဖြစ်ပြီး မထုတ်မီ ဘဏ်သို့ သီးသန့်တစ်ခေါက်လာရောက်၍ အငြိမ်းစားလစာတောင်ခံလွှာတင်ပြရန် မလိုတော့ခြင်း၊

(ခ) အငြိမ်းစားများအနေဖြင့် မိမိ၏ Smartcard ကို Card Reader တွင် ဖတ်ရှုရုံဖြင့် ချက်ချင်းငွေထုတ်ယူနိုင်၍ လက်ရှိစနစ်ကဲ့သို့ ဘဏ်တွင် အချိန်ကြာမြင်‌့စွာ စောင့် ဆိုင်းရန်မလိုခြင်း၊

(ဂ) ကွန်ပျူတာအတွင်း ပင်စင်အချက်အလက်များ ထည့်သွင်းထားသဖြင့် ဘဏ်ဝန်ထမ်းများသည် ယခင်လို ပင်စင်အမှုတွဲများကို လူအင်အားဖြင့် ရှာဖွေစိစစ်ရန် မလိုတော့သည့်အတွက် အငြိမ်းစားမှ ဘဏ်သို့လာရောက်သည့်အချိန်တွင် ချက်ချင်းအငြိမ်းစားလစာ ထုတ်ပေးနိုင်သည့်အတွက် ပင်စင်ပေးရက်ဟူ၍ သီးခြားသတ်မှတ်ရန်မလိုတော့ခြင်း၊

(ဃ) အငြိမ်းစားများအနေဖြင့် E-Pension စနစ်ကို အသုံးပြုခွင့်ရရှိခြင်းဖြင့် ၄င်းတို့၏ လူနေမှုဘဝနှင့် ပတ်ဝန်းကျင်အသိုင်းအဝိုင်းတွင် ခေတ်မီ IT နည်းပညာများနှင့် ထိတွေ့ခွင့်ရရှိလာခြင်း၊

(င) ပင်စင်လစာထုတ်ပေးရာတွင် ဘဏ်မှ လက်ရှိလူအင်အားဖြင့် ဆောင်ရွက်နေရသည့်လုပ်ငန်းအဆင့်ဆင့်အား ကွန်ပျူတာစနစ်ဖြင့် ပြောင်းလဲအသုံးပြုလာနိုင်သည့် အတွက် လုပ်ငန်းများ လျင်မြန်သက်သာလွယ်ကူစေခြင်း၊

(စ) ပင်စင်လုပ်ငန်းအတွက် အသုံးပြုနေရသည့် ဝန်ထမ်းအင်အားများအား အခြားသောဘဏ်လုပ်ငန်းများ၌ အားဖြည့်တာ၀န်ပေးနိုင်ခြင်း။

သို့ရာတွင် E-Pension စနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် E-Pension ကတ်အဖြစ် ထုတ်ပေးမည့် Smart Card သာမက E-Pension ထုတ်ပေးနိုင်ရေးအတွက် ဘဏ်ခွဲတစ်ခုခြင်းစီ တွင် E-Pension Program ထည့်သွင်းထားသည့် ကွန်ပျူတာတစ်စုံ၊ ကွန်ပျူတာအား လျှပ်စစ်မီးအတက်အကျဒါဏ်ကို ခံနိုင်စေမည့် Long-Time UPS တစ်ခု၊ E-Pension ကတ်အား ဖတ်ရှုမည့် Contactless Card Reader တစ်ခု၊ ပင်စင်လာရောက်ထုတ်ယူသူအား မှတ်တမ်းတင်ထားမည့် Live Camera တစ်ခုတပ်ဆင်သွားရန်လိုအပ်မည်ဖြစ်ရာ မြန်မာ့စီးပွားရေးဘဏ်၏ ပင်စင်လစာထုတ်ပေးလျက်ရှိသည့် ဘဏ်ခွဲပေါင်း ၃၀၀ အတွက် အထက်ပါကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းပေါင်း အစုံ ၃၀၀ လိုအပ်မည်ဖြစ်ရာ ကျပ်သန်းပေါင်း ထောင်နှင့်ချီ၍ ကုန်ကျမည်ဖြစ်ပါသည်။

ဤစနစ်အား နိုင်ငံတော်ဘတ်ဂျက်မှ အကောင်အထည်ဖော်မည်ဆိုပါက ဖြစ်နိုင်သော်လည်း ယခုအခါ နိုင်ငံတော်အား ဘက်စုံပြုပြင်ပြောင်းလည်း တည်ဆောင်လျက်ရှိသည့်အချိန်ဖြစ်သည့် အတွက် E-Pension စနစ်အတွက် ဘတ်ဂျက်ခွင့်ပြုငွေရရှိအောင် စောင့်ဆိုင်းနေမည်ဆိုပါက အဆိုပါစောင့်ဆိုင်းချိန်ကာလအတွင်း အသက်အရွယ်ကြီးရင့်သူ နိုင်ငံ့၀န်ထမ်းဟောင်း အငြိမ်းစားများသာလျှင် ဒုက္ခများ ဆက်လက်ခံစားနေရမည်ဖြစ်သည့်အတွက် မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် Smart Card နှင့် အထက်ပါကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများ အစုံ ၃၀၀ အတွက် ကုန်ကျစရိတ်များကိုပါ အချိုးကျတွက်ချက်၍ E-Pension ကတ် တစ်ကတ်လျှင် ကျပ် ၃၅၀၀ ပြန်လည်ကောက်ခံခြင်းဖြင့် E-Pension စနစ်ကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

မလွှဲရှောင်သာသည့်အတွက် E-Pension ကတ် တစ်ကတ်လျှင် ကျပ် (၃၅၀၀) ကောက်ခံခဲ့ရသော်လည်း ပင်စင်စားများအပေါ်တွင် ၀န်မပိစေရန်အတွက် ကျပ် ၃၅၀၀ အား ကျပ် ၁၀၀၀ သုံးကြိမ်နှင့် ကျပ် ၅၀၀ တစ်ကြိမ်၊ ပေါင်း အရစ် ၄ ရစ်ခွဲ၍ ကောက်ခံခဲ့ပါသည်။ ထို့ပြင် E-Pension စနစ်မှာ ပင်စင်စားများအနေဖြင့် မဖြစ်မနေပြောင်းလဲထုတ်ယူရန်မဟုတ်ဘဲ အကြောင်းကြောင်းဖြင့် E-Pension စနစ်ဖြင့် ပင်စင်လစာထုတ်ယူလိုခြင်းမရှိသည့် ပင်စင်စားများရှိပါကလည်း ၄င်းတို့၏ ပင်စင်လစာအား လက်ရှိစနစ်အတိုင်း Manual စနစ်ဖြင့်သာ ဆက်လက်ထုတ်ပေးသွားရန် ဘဏ်ခွဲများသို့ အတိအကျညွှန်ကြားထားပြီးဖြစ်ပါသည်။

ယခုအခါ ဘဏ်ခွဲပေါင်း ၃၀၂ ဘဏ်သို့ E-Pension ကတ်ပေါင်း (၇၃၇,၃၃၃)ကတ် ဖြန့်ဖြူးပေးနိုင်ခဲ့ပြီဖြစ်ပြီး ဘဏ်ခွဲပေါင်း ၁၃ ဘဏ်၌ E-Pension စနစ်အား စတင်ဆောင်ရွက်နေပြီဖြစ်ရာ ပင်စင်စားများအနေဖြင့် ယခင်စနစ်ကဲ့သို့ ပင်စင်ထုတ်ယူရန်အတွက် ဘဏ်သို့ အကြိမ်ကြိမ်လာရောက်ရန် မလိုတော့ဘဲ မည်သည့်နေ့မဆို အဆင်ပြေသည့်နေ့တွင် ဘဏ်သို့လာရောက်ပြီး လွယ်ကူလျင်မြန်၊ စိတ်ချမ်းသာစွာဖြင့် ပင်စင်ထုတ်ယူနိုင်ကြပြီဖြစ်ပါသည်။

မြန်မာ့စီးပွားရေးဘဏ်မှ ပြည်သူ့ဝန်ဆောင်မှုအဖြစ် MEBank ATM Card ဖြင့် MEB ATM များနှင့် အခြားဘဏ်များ၏ ATM စက်များတွင် 24/7 ငွေထုတ်ယူနိုင်သည့် ဝန်ဆောင်မှုကို ၂−၄−၂၀၁၅ နေ့မှ စတင်၍ ATM ကတ်များလျှောက်ထား၍ အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။